Sunday, November 15, 2015

အနိုင်ရပါတီနဲ့ အစိုးရအဖွဲ့ တိုင်ပင်ဆောင်ရွက်ကြ ဖို့ ပြည်ထောင်စု ရွေးကော် ဥက္ကဌ တိုက်တွန်း

4:36 PM

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးက ရွေးကောက်ပွဲရလဒ်တွေကို နိုဝင်ဘာလ ၁၅ ရက်နေ့က ရှင်းလင်းစဉ်။ Photo:Win Ko ko Latt/RFA
 ရွေးကောက်ပွဲအပြီးကာလ တိုင်းပြည်တည်ငြိမ်ရေးအတွက် အနိုင်ရပါတီနဲ့ လက်ရှိအစိုးရအဖွဲ့တို့ တိုင်ပင် ညှိနှိုင်းဆောင်ရွက်ကြဖို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးက တိုက်တွန်းပြော ဆိုလိုက်ပါတယ်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံးမှာ ဒီကနေ့ ညနေပိုင်းက ကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲ မှာ ရွေးကောက်ပွဲအပြီး ကြားကာလအတွင်း အစိုးရအပြောင်းအလဲ တည်တည်ငြိမ်ငြိမ် ဆောင်ရွက်နိုင် မယ်ထင်ပါသလားဆိုတဲ့ မေးခွန်းအပေါ် ကော်မရှင် ဥက္ကဌ ဦးတင်အေးက ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် ရွေးကောက်ပွဲအပြီး တရားမဲ့ပြုကျင့်မှုတွေနဲ့ပတ်သက်ပြီး ကန့်ကွက်တိုင်ကြားတာတွေကို လည်း ပြည်ထောင်စု ရွေးကာက်ပွဲကော်မရှင်အနေနဲ့ လွတ်လပ်ပွင့်လင်းမှုရှိရှိ စီရင်ဆုံးဖြတ်ပေး သွားမှာဖြစ်ကြောင်းလည်း ဦးတင်အေးက ပြောဆိုခဲ့ပါတယ်။

"ရွေးကောက်ပွဲတော့ပြီးသွားပါပြီ သို့သော်လည်းပဲ ကျန်တဲ့ကန့်ကွက်တာတွေ ရှိနိုင်ပါသေးတယ်၊ ဘာကြောင့်လဲ ဆိုတော့ ရှုံးတဲ့သူကလည်းပဲ ထုံးစံအတိုင်းပါပဲနော် ဒါတွေက ကန့်ကွက်တာ ရှိကောင်းရှိပါလိမ့်မယ်၊ ရှိရင်လည်း ကျနော်တို့ အခုတက်ရောက်လာတဲ့ မီဒီယာများကို ကျနော်ပြောချင်တာကတော့ ရွေးကောက်ပွဲတုန်း ကပြောသလိုပဲ လွတ်လွတ်လပ်လပ်လုပ်ပေးမှာပါ၊ မျှမျှတတ လုပ်ပေးမှာပါ၊ ဒီအချိန်မှာ ခင်ဗျားတို့ တက်နားထောင်လို့ရတယ်၊ ဓါတ်ပုံရိုက်ခွင့်တော့ မရှိဘူး၊ ဓါတ်ပုံရိုက်ခွင့်တော့ ပေးမလားဘူး၊ ဒါကတော့ ကျနော်တို့ သေချာပြောပြထားတာပေါ့နော်၊ ပြီးလို့ရှိရင်လည်း ကျနော်တို့ရဲ့စီရင်ထုံးဆိုတာလည်း ကျနော်တို့ရှိပါတယ်၊ ခင်ဗျားတို့ ၂ဝ၁ဝ မှာ အမှု ၃၁ မှုရှိပါတယ်၊ ကျနော်တို့ ပြန်အပ်ချင်ရင်ရပါတယ် ကျနော်တို့ စာအုပ်လည်းထုတ်ထားပါတယ်၊ စီရင်ထုံးဆိုတော့ ဘယ်လိုတွေပြောပြီး ထွက်ချက်တွေအရ ကျနော်တို့ ဘယ်လိုတွေ ဆုံးဖြတ်ပြီးတော့ ဘယ်သူတွေကို ကျနော်တို့ ဘယ်လိုစီရင်ဆုံးဖြတ်ခဲ့တာမျိုး ကျနော်တို့ ရေးထားတာရှိပါတယ်"

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က တစ်နိုင်ငံလုံးအတွက် ရွေးကောက်ပွဲရလဒ်တွေကို ဒီကနေ့ နောက်ဆုံး အကြိမ် ကြေညာရာမှာ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့အတွက် ကချင်ပြည်နယ် နောင်မွန်းမြို့နယ် နဲ့ ခေါင်လန်ဖူးမြို့နယ်က ပြည်သူ့လွှတ်တော် ၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး လွှတ်တော်နဲ့ လူမျိုးစု လွှတ်တော်တို့အတွက် ရွေးကောက်ပွဲရလဒ်တွေကို လာမယ့် နိုဝင်ဘာလ ၂ဝ ရက်နေ့မှာ ကြေညာနိုင် မှာဖြစ်ကြောင်းလည်း ဦးတင်အေးက ပြောပါတယ်။

ရွေးကောက်ပွဲရလဒ်တွေ ဒီကနေ့ ကြေညာပြီချိန်အထိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ပြည်သူ့ လွှတ်တော်မှာ ၇၉ ရာခိုင်နှုန်း အနိုင်ရရှိနေပြီး ၊ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ၉ ရာခိုင်နှုန်း၊ SNLD က ၄ ရာခိုင်နှုန်း၊ အမျိုးသားလွှတ်တော်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ၈ဝ ရာခိုင်နှုန်း ၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ၇ ရာခိုင်နှုန်းနဲ့ အခြားပါတီတွေက ၁၂ ရာခိုင်နှုန်း အသီးသီးအနိုင်ရရှိနေပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ၇၅ ရာခိုင်နှုန်း အနိုင်ရရှိထားပါတယ်။

RFA Burmese
http://www.rfa.org/burmese
Powered by Blogger.

Ads Inside Post