Sunday, November 15, 2015

ဘာသာရေးကိုင်းရှိုင်းတဲ့ ကလေးငယ်တွေဟာ ဘာသာရေးမကိုင်းရှိုင်းတဲ့ ကလေးငယ်တွေထက် တစ်ကိုယ်ကောင်းပိုဆန်ကြောင်း လေ့လာမှုတစ်ရပ်ကဆို

4:53 PM

---------------------------------------------------------------------------------------
ဒီသတင်းကို ဖတ်ပြီး သင် စိတ်မခုခင်မှာ တစ်ခုသိထားသင့်တာက လေ့လာမှုတစ်ခုထဲက ပြည့်စုံခိုင်လုံတဲ့ သက်သေအထောက်အထားကို မပေးနိုင်ဘူးဆိုတာပါ။   ဒါပေမယ့် ယခုလေ့လာမှုကတော့ ဘာသာရေးကိုင်းရှိုင်းတဲ့ မိသားစု၊အိမ်ထောင်စုတွေမှာ မွေးဖွားလာသူ ကလေးငယ်တွေဟာ ဘာသာရေးနဲ့ လောကီကိစ္စ ခွဲထားတတ်တဲ့ ဘာသာရေးမကိုင်းရှိုင်းတဲ့ ကလေးငယ်တွေ ထက် တစ်ဖက်သားကို သနားညှာတာမှု ပိုနည်းပြီး ရက်ရောပေးကမ်းမှုလည်း ပိုနည်းတာကို တွေ့ ရှိခဲ့ရတယ်လို့ ဆိုပါတယ်။
ကမ္ဘာအနှံ့ က တက္ကသိုလ်ကြီး ခုနှစ်ခုရဲ့ တက္ကသိုလ်ဆရာတွေ ပါဝင်တဲ့အဖွဲ့ တစ်ဖွဲ့ ကို ချီကာဂိုတက္ကသိုလ်က ဦးနှောက်နှင့်အာရုံကြောသိပ္ပံပညာရှင် Dr.Jean Decety က ဦးဆောင်ခဲ့ပြီး ကလေးငယ်တွေရဲ့ ပရဟိတစိတ်မှာ ဘာသာရေးက အနုတ်သဘောသက်ရောက်မှုရှိနိုင်လားဆိုတာကို လေ့လာခဲ့ကြ တာဖြစ်ပါတယ်။
ယခုလေ့လာမှုအတွက် အသက် ၅ နှစ်ကနေ ၁၂ နှစ်အရွယ်၊ ကလေးငယ်တစ်ဦးသာ ရှိတဲ့ မိသားစုပေါင်း  ၁၁၇၀ ကို အကူအညီတောင်းခဲ့ပါတယ်။ မူဆလင်ဘာသာဝင် မိသားစု ၅၁၀ စု၊ ခရစ်ယာန်ဘာသာဝင် မိသားစု ၂၈၀ စုနဲ့ ၊ ဂျူးဘာသာဝင်မိသားစု ၂၉ စု၊ ဗုဒ္ဓဘာသာဝင်မိသားစု ၁၈ စု နဲ့ ဟိန္ဒူမိသားစု ၅ စုတို့ ပါဝင်ပြီး ကျန် မိသားစု ၃၂၃ စုက ဘာသာရေးမယုံကြည်သူ၊ သုံးစုက ဘုရားတကယ်ရှိလား၊မရှိလားဆိုတာ သိဖို့ မဖြစ်နိုင်ဘူးလို့ ယုံကြည်တဲ့ ကင်္ခါဝါဒီမိသားစု နဲ့ မိသားစုနှစ်စုကတော့ ဘယ်အယူအောက်မှာမှ မနေသူတွေလို့ သူတို့ ဘာသာ သတ်မှတ်ထားကြသူတွေဖြစ်ပါတယ်။ ( ယခုလေ့လာမှုမှာ ဂျူး၊ဗုဒ္ဓဘာသာ နဲ့ ဟိန္ဒူမိသားစုတွေဟာ အရေအတွက်အရမ်းနည်းနေတာကြောင့် အချက်အလက်မမှန်နိုင်လို့ လေ့လာမှုကနေ ချန်ထားခဲ့ပါတယ်။)
ထို့ နောက်မှာတော့ ထိုကလေးငယ်တွေကို ပရဟိတစိတ်ကို စမ်းသပ်စစ်ဆေးတဲ့ Dictator Game ဆိုတဲ့ ကစားနည်းတစ်မျိုးကို ကစားစေခဲ့ပါတယ်။ အဆိုပါ ကစားနည်းမှာ ကလးငယ်တွေကို အမိုက်စား စတစ်ကာ အခု ၃၀ ပေးပြီး ဆယ်ခုကို ရွေးကာ အပိုင်ယူထားနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။ ကလေးငယ်တွေ သူတို့ အကြိုက် စတစ်ကာ ၁၀ ခုရွေးပြီးချိန်မှာ၊ သုတေသနပညာရှင်တွေဟာ ကျောင်းမှာရှိတဲ့ ကလေးငယ်တွေ အကုန်နဲ့ ဒီကစားနည်းကစားဖို့ အချိန်မလောက်တာကြောင့် တကယ်လို့ စတစ်ကာရထားတဲ့ကလေးငယ်တွေ ဆန္ဒရှိရင် ကစားနည်းမှာ မပါတဲ့ အတန်းဖော်သူငယ်ချင်းတစ်ယောက်ကို သူတို့ စတစ်ကာ ဆယ်ခုခွဲပေးနိုင်ကြောင်း ပြောကြား ခဲ့ပါတယ်။
ထို့ နောက် ကလေးတွေစဉ်းစားဖို့ မိနစ်အနည်းငယ်သာပေးခဲ့ပြီး သုတေသနပညာရှင်တွေဟာ တစ်ကိုယ်ကောင်းဆန်စိတ်မရှိမှုကို တိုင်းတာချက်အနေနဲ့  လေ့လာမှုမှာ ပါဝင်တဲ့ကလေးငယ်တွေ စတစ်ကာ ဘယ်နှစ်ခုကို သူငယ်ချင်းဆီခွဲပေးလဲဆိုတာ လေ့လာခဲ့ပါတယ်။ တွေ့ ရှိချက်အရ၊ ဘာသာရေးမယုံကြည်၊မကိုင်းရှိုင်းတဲ့မိသားစုက ကလေးငယ်တွေဟာ ယုံကြည်ကိုင်းရှိုင်းတဲ့ မိသားစုက ကလေးငယ်တွေထက် ပေးကမ်းရက်ရောစိတ် ပိုများပြီး ပျှမ်းမျှအားဖြင့် သူတို့ စတစ်ကာ ဆယ်ခု ထဲက စတစ်ကာ ၄.၁ ခုကို သူငယ်ချင်းဆီ ခွဲပေးခဲ့ကြပါတယ်။ ဘာသာရေးကိုင်းရှိုင်းတဲ့မိသားစုက ကလေးငယ်တွေကတော့ ပျှမ်းမျှ စတစ်ကာ ၃.၃ ခုသာ ခွဲပေးခဲ့တာကို တွေ့ ရှိခဲ့ရပါတယ်။
“ ခြုံငုံကြည့်မယ်ဆိုရင်၊ ဘာသာရေးကိုင်းရှိုင်းတဲ့မိသားစုက ကလေးငယ်တွေဟာ ပရဟိတစိတ်ပိုများပြီး တခြားသူကို ညှာတာသနားစိတ်ရှိတယ်ဆိုတဲ့ လူအများရဲ့ ယူဆချက်၊လက်ခံထားချက်နဲ့  ကျွန်တော်တို့ ရဲ့ တွေ့ ရှိမှုက ဖီလာဆန့် ကျင်နေပါတယ်” လို့  ‘ဘာသာရေးကိုင်းရှိုင်းမှုနဲ့ ကလေးငယ်ပရဟိတစိတ်အကြား အနုတ်သဘောဆက်စပ်မှု’ ဆိုတဲ့ လေ့လာမှုဆောင်းပါးကိုတင်ဆက်ခဲ့သူ သုတေသနပညာရှင်တွေက ပြောကြားခဲ့ပါတယ်။
Ref: yourtango 
Powered by Blogger.

Ads Inside Post