Saturday, November 14, 2015

လစ်ဗျား IS အကြီးအကဲ ဗုံးထိသေဆုံး


 အမေရိကန်ရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း လစ်ဗျားနိုင်ငံက IS စစ်သွေးကြွခေါင်းဆောင် သေဆုံးသွားတယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက ပြောလိုက်ပါတယ်။

ဒီတိုက်ခိုက်မှုရဲ့ ပစ်မှတ်ဟာ အီရတ်နိုင်ငံသား အယ်လ်ကိုင်းဒါးအဖွဲ့ဝင် Abu Nabil ဖြစ်တယ်လို့ အမေရိကန် ပန်တဂွန်စစ်ဌာနချုပ်ရဲ့ ပြောခွင့်ရ Peter Cook က ကြေငြာချက်ထဲမှာ ပြောထားပါတယ်။

Nabil ဟာ လစ်ဗျားနိုင်ငံက IS အဖွဲ့ ထိပ်ပိုင်းခေါင်းဆောင်တဦးဖြစ်ပြီး၊ သူဟာ အခုနှစ်အစောပိုင်းက Coptic ခရစ်ယာန်ဘာသာဝင်တွေကို သတ်ဖြတ်ခဲ့တာကို ပြထားတဲ့ ဗွီဒီယိုဖိုင်မှာ ပြောထားတဲ့သူလည်းဖြစ်နိုင်တယ်လို့ ပြောပါတယ်။

Nabil သေဆုံးမှုကြောင့်၊ လစ်ဗျားနိုင်ငံမှာ IS အဖွဲ့ရဲ့ ရည်မှန်းချက်တွေလုပ်ဖို့ အင်အားတွေလည်း လျော့ကျသွားမှာဖြစ်ပါတယ်။ အဲဒီထဲမှာ IS အဖွဲ့ဝင်သစ် စုဆောင်းတာတွေ၊ စခန်းသစ် တည်ဆောက်တာတွေနဲ့ အမေရိကန်ပြည်ထောင်စုကို ပြင်ပကနေ တိုက်ခိုက်ဖို့ အစီအစဉ်တွေပါ ပါဝင်တယ်လို့ Cook က ပြောပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

တိုက်ခိုက်ခံရမှု အပြီး ပြင်သစ် နိုင်ငံ တွင်း အခြေ အနေ


 ပြင်သစ် နိုင်ငံ မှာ သေဆုံး ခဲ့ရ သူတွေ အတွက် နိုင်ငံတော် အဆင့် ဝမ်းနည်းဖွယ် နေ့ ၃ ရက် သတ်မှတ် ထားပါတယ်။

ဒဏ်ရာရသူ တွေ လည်း ၃၅၂ ယောက်ရှိပြီး အဲဒီ့ ထဲက ၉၉ ယောက်ဟာ စိုးရိမ် ရတဲ့ အနေ အထား မှာ ရှိတယ် လို့ ပြင်သစ် အာဏာပိုင် တွေက ထုတ်ဖော် ပြောပါတယ်။

နိုင်ငံတလွှား စစ်တပ် နဲ့ ရဲ တွေ ပိုမို တိုးမြှင့် ချထား နေပြီး ပဲရစ် မှာ လူစုလူဝေး နဲ့ ဆန္ဒပြမှု တွေ၊ အားကစား ပွဲ တွေ အားလုံး ကို ပိတ်ပင် ထားပါတယ်။

မီးရောင်တွေ နဲ့ ထိန်ထိန်ငြီး နေကြ နာမည်ကျော် အိုင်ဖယ် မျှော်စင် ကိုလည်း အမှောင်ချ ထားပြီး အများသူငါ ဝင်ရောက် ခွင့် ပိတ်ပင် ထားပါတယ်။

ဒဏ်ရာ ရသူတွေ အတွက် သွေးလှူဒါန်းဖို့ စောင့်ဆိုင်း နေကြတဲ့ ပဲရစ် မြို့သူ မြို့သား တွေ နဲ့ လူတန်းရှည် ကြီး တွေ ဖြစ်ခဲ့ ကြပါတယ်။

တနင်္လာနေ့ မှာ ကျောင်းတွေ ပြန်ဖွင့် နိုင်မယ် လို့ ပြည်ထဲရေး ဝန်ကြီး ဘယ်နား ခတ်ဇ်နက်ဗ် က ပြောပြီး မနက်ပိုင်း ကျောင်းတွေ အားလုံးမှာ တစ်မိနစ် ငြိမ်သက် ကြမယ် လို့ ဆိုပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese

ပဲရစ်မြို့ တိုက်ခိုက်မှုတွေကို အုပ်စု၃ခုခွဲပြီး လုပ်ဆောင်ခဲ့

ပြင်သစ် ဘက်က လည်း အညှာအတာ မရှိ တုန့်ပြန် မှာ ဖြစ်တယ် လို့ သမ္မတ ဖရော်န်ဆွာ အိုလော်န့် ပြော။ 
 ပြင်သစ် နိုင်ငံ ပဲရစ် မြို့တော် မှာ ပြီးခဲ့တဲ့ သောကြာ နေ့ ညနေ ခင်း က တုန်လှုပ် ဖွယ် ဖြစ်ပေါ် ခဲ့တဲ့ ပစ်ခတ်မှု တွေ နဲ့ ဗုံး ဖောက်ခွဲ တိုက်ခိုက် မှု တွေ ကို ကျူးလွန် ခဲ့ ကြသူတွေ ဟာ အဖွဲ့ ၃ ဖွဲ့ ခွဲပြီး လုပ်ဆောင် ခဲ့ကြတာ ဖြစ်တယ် လို့ ဒီ ဖြစ်ရပ် တွေ အပေါ် စုံစမ်း နေကြတဲ့ ပြင်သစ် အစိုးရ ရှေ့နေ တွေ က ပြောပါတယ်။

အဲဒီ့ တိုက်ခိုက်မှု တွေ ရဲ့ နောက်ကွယ်မှာ သူတို့ ရှိတယ် ဆိုပြီး အစ္စလာမ်မစ် နိုင်ငံ အဖွဲ့ IS အဖွဲ့ က ကြေညာ ထားပါတယ်။

တိုက်ခိုက်မှု ကျူးလွန် ခဲ့ကြ သူ ၇ ဦး သေဆုံး ခဲ့ ကြတယ် လို့ ပြင်သစ် အစိုးရ ရှေ့နေ ဖရော်န်ဆွာ မိုလင် က ပြောပါတယ်။

သူတို့ အားလုံး ဟာ ကလပ်ရှ်ရှိနိကော့ဖ် အမျိုးအစား သေနတ် တွေ အပါအဝင် အသေခံ ဗုံးခွဲ ကိုယ်ကြပ် အင်္ကျီတွေ ဝတ်ဆင် ထား ကြပါတယ်။

တိုက်ခိုက် မှု တွေ ကြောင့် သေဆုံးခဲ့ ရသူ စုစုပေါင်း ၁၂၉ ယောက် ရှိပါတယ်။

သေနတ် သမားတွေ ဝင်ရောက် စီးနင်းပြီး လူအုပ်ထဲ ပစ်ခတ်တာ ခံခဲ့ရတဲ့ ဘာ့ထာကလော်န် ဂီတပွဲ ခန်းမ မှာတင် ၈၉ ယောက် သေဆုံး ခဲ့ရတာ ဖြစ်ပါတယ်။

တိုက်ခိုက်သူတွေ ထဲ က တစ်ဦး ဟာ ပဲရစ် ဆင်ခြေဖုံး အရပ် က ဖြစ်ပြီး ရာဇဝတ်မှု ကျူးလွန်ဖူးကြောင်း မှတ်တမ်း ရှိသူ ဖြစ်ပါတယ်။

ဆီးရီးယား နိုင်ငံကူး စာအုပ် တစ်ခုကို အသေခံ ဗုံးခွဲခဲ့သူတွေ ထဲက တစ်ဦး ရဲ့ အနီး တွေ့ခဲ့ရပါတယ်။

သောကြာနေ့ အကြမ်းဖက်မှု တွေ ဟာ ပြင်သစ် နိုင်ငံ အပေါ် IS တွေ က စစ် ပွဲ ဆင်နွှဲ လာတာ ဖြစ်ပြီး ပြင်သစ် ဘက်က လည်း အညှာအတာ မရှိ တုန့်ပြန် မှာ ဖြစ်တယ် လို့ ပြင်သစ် သမ္မတ ဖရော်န်ဆွာ အိုလော်န့် က ပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese

တိုက်ခိုက်မှုဆက်ဖြစ်နိုင်ခြေ ပြင်သစ်စိုးရိမ်

ပါရီမြို့တော်မှာ လုံခြုံရေးတပ်ဖွဲ့ဝင် တချို့ကို တွေ့ရစဉ် နိုဝင်ဘာ ၁၄၊ ၂၀၁၅ 
 ပြင်သစ်သမ္မတ Francois Hollande က သူတို့အပေါ် စစ်ပွဲဆင်နွှဲတယ်လို့ သတ်မှတ်လိုက်တဲ့ အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုအတွက် တာဝန်ရှိသူတွေကို ပြင်သစ် အာဏာပိုင်တွေက စနေနေ့မှာ အပူတပြင်း လိုက်လံရှာဖွေ နေကြသလို၊ အခုလို ရှုပ်ထွေးတဲ့ တိုက်ခိုက်မှုတွေ လုပ်ဖို့ စီစဉ်သူတွေဟာ နောက်ထပ်တိုက်ခိုက်မှုတွေလုပ်ဖို့ စီစဉ်နေမှာကိုလည်း စိုးရိမ်နေကြပါတယ်။

သောကြာနေ့ ညပိုင်းမှာ ပြင်သစ်နိုင်ငံ ပါရီမြို့တလွှား နေရာ ၆ နေရာမှာ  လူပေါင်း ၁၂၉ ဦး သေဆုံးခဲ့ရပြီး လူပေါင်း ၃၅၀ လောက် ဒဏ်ရာရခဲ့တဲ့ တိုက်ခိုက်မှုကို သူတို့ လုပ်ဆောင်တာလို့ IS စစ်သွေးကြွအဖွဲ့က ကြေညာခဲ့ပါတယ်။ အကြမ်းဖက်သမား ၈ ဦးသေဆုံးခဲ့တယ်လို့ ပြောပေမဲ့ အကြမ်းဖက်သမားတွေ နောက်ထပ် ရှိမရှိ သေသေချာချာ မသိရသေးသလို၊ သူတို့ရဲ့ အစွယ်အပွားတွေ ပါရီမြို့တဝိုက် ပုန်းခိုနေမနေကိုလည်း ဘယ်သူမှ မသိကြသေးပါဘူး။

ပြင်သစ် သမ္မတ Francois Hollande ကလည်း ဒါဟာ ဒုတိယကမ္ဘာစစ်ပြီးချိန်ကစပြီး အသေအပျောက် အများဆုံးဖြစ်ရပ်ဖြစ်သလို ဒါဟာ IS စစ်သွေးကြွတွေရဲ့ လက်ချက်လို့  အပြစ်တင်ခဲ့ပါတယ်။ ဆီးရီးယားနဲ့ အီရတ်မှာ caliphate အစ္စလာမ်နိုင်ငံ ထူထောင်ဖို့ ဒီအကြမ်းဖက် အဖွဲ့က ကြိုးစားနေတာကို ဝိုင်းဝန်းဖိနှိပ်ဖို့ ကြိုးစားသူတွေအပေါ် တိုက်ခိုက်မှုတွေ လုပ်နေတာဖြစ်ပြီး ဒီအထဲမှာ ပြင်သစ်က ထိပ်ဆုံးက ပါနေတာမို့ ပစ်မှတ်ထား တိုက်ခိုက်တာလို့ ဆိုပါတယ်။

အခုတိုက်ခိုက်မှုမှာ သေဆုံးသွားတဲ့ တိုက်ခိုက်သူတွေဟာ ပြင်သစ်နိုင်ငံသားတွေ ဟုတ်မဟုတ် သူတို့ရဲ့ အစွယ်အပာါးတွေ နောက်ထပ် တိုက်ခိုက်ဖို့ စောင့်နေမှု ရှိမရှိ သိရအောင် အာဏာပိုင်တွေက ကျိုးစားရှာဖွေနေဆဲပဲလို့ ပြင်သစ်နိုင်ငံ အကြမ်းဖက် တိုက်ဖျက်ရေးအဖွဲ့ အရာရှိတဦးက ပြောပါတယ်။ နောက်ထပ် တိုက်ခိုက်မှုတွေ မလုပ်နိုင်အောင်လည်း အစောင့်တွေ တိုးချထားတာပါ။

အမေရိကန် သမ္မတ အိမ်ဖြူကတော့ သမ္မတ Barack Obama ဟာ တူရကီက G - 20 ထိပ်သီးအစည်းအဝေး မသွားခင် စနေနေ့က သူ့ရဲ့နိုင်ငံတော် လုံခြုံရေး အဖွဲ့နဲ့ တွေ့ဆုံခဲ့ပါတယ်။ သမ္မတ အိုဘားမားနဲ့ လက်ထောက်တွေက  အခု ပါရီက အတိုက်ခိုက်ခံရမှုမှာ IS အဖွဲ့ နောက်ကွယ်က ရှိနေတယ်ဆိုတဲ့ ပြင်သစ်ထောက်လှမ်းရေးတွေရဲ့ တွေ့ရှိချက်အတွက် ကန့်ကွက်စရာမရှိကြောင်း ပြောပါတယ်။ အမေရိကန်နိုင်ငံမှာတော့ အခုအချိန်မှာ အိုင်အက်စ်တွေရဲ့ ခြိမ်းခြောက်မှု တော့ မရှိသေးဘူးလို့ သမ္မတ အိမ်ဖြူတော်က ပြောပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

အကြမ်းဖက်မှု ပဲရစ်ရောက် မြန်မာတို့ အတွေ့အကြုံ


 IS အစွန်းရောက် အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုဟာ ပြင်သစ်နိုင်ငံကို စစ်ကြေညာလိုက်တာ ဖြစ်တယ်လို့ ပြင်သစ်သမ္မတ François Hollande က ပြောကြားလိုက်ချိန်မှာပဲ အကြမ်းဖက်သမားတွေ ရန်ကနေ ၀ိုင်းဝန်းကာကွယ်ဖို့ လူထုကြားမှာ နိုးကြားမှုတွေ ရှိနေတယ်လို့ ပြင်သစ်ရောက် မြန်မာတွေက ဗွီအိုအေကို ပြောပါတယ်။

သောကြာနေ့ညက ပဲရစ်မြို့လယ် လူစည်းကားတဲ့နေရာ (၆) နေရာကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ပဲရစ်မြို့မှာ နေထိုင်နေကြတဲ့ မြန်မာတချို့ကို မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။

ပဲရစ်မြို့မှာ IS အကြမ်းဖက်သမားတွေ အဓိကပစ်မှတ်ထား တိုက်ခိုက်ခဲ့တဲ့နေရာတွေဟာ ပြင်သစ်လူငယ်တွေ အသွားအလာ အများဆုံးနေရာ ဖြစ်တယ်လို့ ပဲရစ်မြို့မှာနေထိုင်တဲ့ ကိုထွေးက ပြောပါတယ်။

“ဘောလုံးကွင်းရှိတဲ့နေရာကို တိုက်တာကတော့ ရှင်းတယ်လေ။ အဲဒီမှာ François Hollande ရှိနေတယ်။ အဲဒီ ဘောလုံးပွဲကြည့်နေလို့ တိုက်တာပေါ့။ ကျန်တဲ့နေရာက အကုန်လုံးက ပြင်သစ်လူငယ်လေးတွေပဲ။ စတိတ်ရှိုးတခုမှာ တိုက်လိုက်တာ။ အဲဒီရပ်ကွက်ဟာ ပြင်သစ်ရပ်ကွက်၊ ပြင်သစ်ချာတိတ်တွေပဲ သွားတဲ့ရပ်ကွက်။ သူတို့ အဲဒီနေရာကို တမင် ရွေးတိုက်တာ။”

အကြမ်းဖက် တိုက်ခိုက်မှု ကြီးအပြီး စနေနေ့က လမ်းတွေပေါ်မှာ လူအသွားအလာ နည်းပါးခဲ့တယ်လို့လည်း ကိုထွေးက ပြောပါတယ်။

“လုံခြုံရေးကတော့ နေရာအနှံ့ပါပဲ။ ရဲတွေက ချထားတယ်လေ။ အခု ကျနော်က မနက် အလုပ်သွားတာပေါ့။ အလုပ်သွားတော့ လူတွေက အရမ်းကို ရှင်းနေတယ်။ မနက်ပိုင်းအလုပ်ကနေ ညနေပိုင်း အလုပ်ကူးတော့လည်း လူက သိပ်မရှိဘူး။ အရေးပေါ် လုံခြုံရေးအခြေအနေ ထုတ်ပြန်ထားတဲ့ အခါကျတော့ လူတွေကို အိမ်ထဲမှာပဲ နေခိုင်းထားတယ် အဲဒါကြောင့်။”

မေး - အကြမ်းဖက် တိုက်ခိုက်မှုတွေက ခဏခဏ ဖြစ်နေတဲ့အပေါ်မှာ ပြင်သစ်နိုင်ငံသားတွေပေါ့နော် ကိုထွေးတို့ကို ဘယ်လို ယူဆသလဲရှင့်။

ဖြေ - “ပြင်သစ်ကလေ ဥရောပမှာ ဂျူးတွေ အများဆုံး ခိုလှုံတဲ့ နိုင်ငံလည်းဖြစ်တယ်။ မူဆလင်တွေ အများဆုံးနေတဲ့ နိုင်ငံလည်းဖြစ်တယ်။   နောက်တခုက ပြင်သစ်က နိုင်ငံတကာရေးရာ ၀င်ရောက် စွက်ဖက်တဲ့အခါကျတော့ ဒီလိုမျိုး တုံ့ပြန်မှုတွေကတော့ ခံရတာပဲ။ နည်းနည်းတော့ စိတ်ပျက်တာပေါ့။ ကျနော်တို့အနေနဲ့ကတော့ နိုင်ငံခြားသားတွေပဲလေ။ နည်းနည်း အနေရ ကျပ်တယ်။”

အခုလို IS စစ်သွေးကြွအဖွဲ့ဝင်တွေရဲ့ တိုက်ခိုက်မှုကြောင့် ပြင်းပြင်းထန်ထန်ဒဏ်ရာရသူတွေကို ပဲရစ်မြို့သူမြိုသားတွေက ၀ိုင်းဝန်ကူညီနေကြတဲ့အပြင် အကြမ်းဖက်အန္တရာယ်ကို ၀ိုင်းဝန်ကာကွယ်ဖို့ နိုးကြားမှုတွေ ရှိနေတယ်လို့ ပဲရစ်မြို့က Science Po တက္ကသိုလ်မှာ ပညာသင်ကြားနေတဲ့ ကိုအောင်ခန့်က ပြောပါတယ်။

“ပြင်သစ်က ကြောက်လို့ရှိရင် ဒါ ရှုံးတယ်ဆိုပြီးတော့ မကြောက်ဘူး ဆိုပြီးတော့ အပြင်ထွက်ကြ၊ ကိုယ် လုပ်စရာရှိတာ လုပ်ကြ၊ အကူအညီပေးကြသူတွေကတော့ အကုန်လုံး ရှိပါတယ်။ ဆေးရုံက မနိုင်လောက်တဲ့အထိတောင် သွေးအလှူရှင်တွေ အများကြီး ရောက်ကြတယ်လို့ ကြားတယ်။”

လူအသေအပျောက်အများဆုံး ဖြစ်ခဲ့တာကတော့ ညဖက်လူစည်းကားတဲ့နေရာဖြစ်တဲ့ ဘာတာကလန် ဂီတ ဖျော်ဖြေပွဲ ခန်းမထဲမှာ ဖြစ်ပါတယ်။ အဲဒီမှာ ဖြစ်ခဲ့တဲ့ အခြေအနေတွေကို မနီးမဝေးမှာနေထိုင်တဲ့ ကိုအောင်ခန့် အခုလိုပြောပြပါတယ်။

“ဒီတီးဝိုင်းက ည ၈ နာရီလောက်ကတည်းက စတယ်ပေါ့။ အဲဒီမှာ လူတွေက အထဲမှာ ကျင်းပတဲ့အခန်းက လူ အယောက် ၅၀၀ လောက် ဆံ့တယ်။ ရှင်တဲ့လူတွေက ပြန်ပြောတာပေါ့နော်။ အဲဒီကို လူ ၄ ယောက်လောက် ၀င်လာတယ်တဲ့။ AK-47 တွေနဲ့ အကုန်ဝင်လာတာတဲ့။ ဘာမှ စကားလည်း မပြောဘူး။ အော်တာဟစ်တာလည်း ဘာမှ မကြားရဘူး။ ဒီအတိုင်းပဲ ပစ်ချလိုက်တာပဲလို့ ကျနော် ကြားတယ်။ တချို့လူတွေဆိုရင် အထဲမှာ ပိတ်မိပြီးတော့ ထွက်တောင် ထွက်လို့မရဘူးတဲ့။ ဘာလို့လဲဆိုရင် လူ အသေအရမ်းများလို့ တံခါးပေါက်ကိုတောင် မရောက်နိုင်ဘူးလို့ ပြောတယ်။ အဲဒီမှာ ခဏပုန်းနေရတယ်တဲ့။ နောက် ရဲတွေက ချက်ခြင်း ၀င်လာတော့ ရဲတွေကိုလည်း ထပ် ပစ်တယ်လို့ ကျနော် ကြားတယ်။”

လွန်ခဲ့တဲ့ (၁၀) လလောက်ကလည်း ပြင်သစ်နိုင်ငံမှာ ရှာလီ အက်ဘ်ဒို မဂ္ဂဇင်းတိုက်အပါအ၀င် ဂျူး လူမျိုးပိုင်ကုန်စုံဆိုင်တခုမှာလည်း အခုလိုမျိုး အကြမ်းဖက် တိုက်ခိုက်ခံခဲ့ရတာပါ။ ပြင်သစ်နိုင်ငံဟာ လူ့အခွင့်အရေးကို ရှေ့တန်းတင်တဲ့ နိုင်ငံတနိုင်ငံ ဖြစ်တာကြောင့် အကြမ်းဖက်သမားတွေက ဒီအပေါ်မှာ အသုံးချနေတာဖြစ်တယ်လို့ ဝေဖန်ပြောဆိုမှုတွေလည်း ရှိနေတာပါ။ အခုလို ထိတ်လန့်စရာ အခြေအနေတွေ ရှိနေပေမဲ့လည်း ပဲရစ်မြို့သူမြို့သားတွေကတော့ အကြမ်းဖက်သမားတွေရဲ့ လုပ်ရပ်ကို သူတို့အနေနဲ့ ကြောက်ရွံ့သွားမှာ မဟုတ်ဘူးလို့ ပြောကြပါတယ်ရှင်။

အင်ကြင်းနိုင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

ပဲရစ်မြို့ တိုက်ခိုက်မှုအပေါ် နိုင်ငံတကာရဲ့ တုန့်ပြန်ချက်



 ပဲရစ်မြို့ ကို အကြမ်းဖက် တိုက်ခိုက် တာဟာ သူတို့ အားလုံး အပေါ် တိုက်ခိုက် တာပဲ ဖြစ်တယ် ဆိုပြီး ဥရောပ သမဂ္ဂ အဖွဲ့ဝင် နိုင်ငံ တွေ အားလုံး က ကြေညာ ချက် ထုတ်ပြန် ပါတယ်။

ပြင်သစ်ပြည်ကြီး ဘေးကင်း လုံခြုံဖို့ အားလုံး ဝိုင်းဝန်း လုပ်ဆောင် ကြမယ် ဆိုပြီး တော့လည်း ကတိပေး ပြောဆို ထားပါတယ်။

အီတလီ နဲ့ ဘယ်လ်ဂျီယမ် အပါအဝင် နိုင်ငံတချို့ ကလည်း ပြင်သစ် နဲ့ နယ်စပ် တွေ မှာ လုံခြုံရေး တိုးမြှင့် လိုက် ပါတယ်။

ပိုလန် နိုင်ငံ မှာတော့ ဥရောပ ရေးရာ ဝန်ကြီး နေရာကို ဆက်ခံ တော့မယ့် ကော်န်ရတ် ရှီမန်စကီး က အခုလို အကြမ်းဖက်မှု မျိုး တွေ ကြောင့် ပိုလန် အနေနဲ့ ဥရောပ သမဂ္ဂ က သတ်မှတ် ထားတဲ့ ရွှေ့ပြောင်း ဝင်ရောက်သူ တွေ ကို အချိုးအစား ကိုယ်တာ အတိုင်း လက်ခံ ရယူရေး မူ ကို လက်သင့် မခံ နိုင်တာ ဖြစ်တယ် ဆိုပြီး ပြောပါတယ်။

ရုရှား သမ္မတ ဗလာဒီမီယာ ပူတင် က ပဲရစ် မြို့တော် ကို တိုက်ခိုက် မု ဟာ အရိုင်းအစိုင်း တွေ ရဲ့ အပြအမူ အကြမ်းဖက် လုပ်ရပ် ဖြစ်တယ် လို့ ဆိုပြီး လူသား တို့ရဲ့ ယာက်ကျေးမှု အဆောက်အဦ ကို စိန်ခေါ် ထိုးနှက် ချက်လည်း ဖြစ်တယ် လို့ ဆိုပါတယ်။

အဲဒီ့ တိုက်ခိုက်မှု တွေ အပေါ် စုံစမ်းရေး မှာ ရုရှား အစိုးရ အနေနဲ့ ပြင်သစ် နဲ့ အနီးကပ်ဆုံး ပူးတွဲ ဆောင်ရွက် သွားမယ် လို့လည်း သမ္မတ ပူတင် က ကတိ ပေး ပါတယ်။

တခါ၊ အမေရိကန် နိုင်ငံ ခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ က လည်း ဒီလုပ်ရပ် ဟာ ယာဉ်ကျေးမျု အမှောင်ကျ နေတဲ့ ဥရောပ အလယ်ခေတ် လုပ်ရပ် ဖြစ်သလို ခေတ်သစ် ဖက်ဆစ် ဝါဒ လည်း ဖြစ်တယ် ဆိုပြီး ပြင်းပြင်း ထန်ထန် ရှုတ်ချ ခဲ့ ပါတယ်။

ဂျာမနီ ဝန်ကြီးချုပ် အိန်ဂလာ မာ့ခဲလ် က တော့ အစွန်းရောက် တွေ က တိုက်ခိုက် လာတဲ့ ဥရောပ ရဲ့ စံတန်ဖိုး တွေကို ပြင်သစ် နဲ့ အတူ သွေးစည်း ညီညွတ် စွာနဲ့ လက်တွဲ ကာကွယ် သွားမယ် လို့ ဆိုပါတယ်။

ဗြိတိန် ဝန်ကြီး ချုပ် ဒေးဗစ် ကင်မရွန် ကလည်း ကျူးလွန် သူတွေ ကို ကြမ်းကြုတ်တဲ့ လူသတ်သမား တွေ ဆိုပြီး ရှုတ်ချ ပါတယ်။ ဒါ့အပြင် ပဲရစ် မြို့တော် အကြမ်းဖက် ခံရတာ ဟာ ဥရောပ တလွှား ၁၀ စုနှစ် အတွင်း အဆိုးဝါးဆုံး ဖြစ်ရပ် လို့ လည်း ပြောကာ သေဆုံးသူတွေ ထဲ ဗြိတိန် နိုင်ငံသား တွေ ပါဝင် နိုင်တယ် လို့ ပြောပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese

ပြင်သစ်မှာလုပ်မယ့် အားကစားပွဲတွေရွေ့ဆိုင်း


သောကြာနေ့ ပဲရစ်တိုက်ခိုက်မှုနောက်ပိုင်း ပြင်သစ်မှာကျင်းပမယ့်အားကစားပွဲတွေကို လုံခြုံရေးအရ ရွေ့ဆိုင်း လိုက်ပြီဖြစ်ပါတယ်။

ပြင်သစ်နဲ့ဂျာမနီကစားခဲ့ကြတဲ့ ချစ်ကြည်ရေးဘောလုံးပွဲကျင်းပရာ Stade de France ကွင်းကြီးကိုတိုက်ခိုက်ဖို့အသေခံဗုံးခွဲသမား၃ဦး ဘောလုံးကွင်းကြီးအပြင်ဖက်မှာ ပေါက်ကွဲမှုအတွင်းသေဆုံး ခဲ့ပါတယ်။

အကြမ်းဖက်သမားတွေတိုက်ခိုက်ခဲ့တဲ့အဓိကပစ်မှတ်တွေထဲမှာ Stade de France ဘောလုံးကွင်းကြီးလည်းတစ်ခုပါဝင်ပါတယ်။ကွင်းအပြင်မှာ ပေါက်ကွဲမှုဖြစ်ချိန်က ပြင်သစ်သမ္မတ Francois Hollande လည်းဘောလုံးကွင်းကြီးထဲ ဘောလုံးပွဲကြည့်နေပါတယ်။

အဲဒီပွဲမှာ အိမ်ရှင်ပြင်သစ် ကမ္ဘာ့ချန်ပီယံဂျာမနီကို ၂ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ပွဲအပြီးမှာ အပြင်ထွက်လို့မရတဲ့အတွက် ပရိတ်သတ်တွေ ကွင်းထဲဝင်ပြီး အခြေနေကိုစောင့်နေခဲ့ရပါတယ်။ လာမယ့်အင်္ဂါနေ့မှာ လန်ဒန် ဝင်ဘလေကွင်းမှာကစားမယ့် ပြင်သစ်နဲ့ အင်္ဂလန်အသင်း ချစ်ကြည်ရေးပွဲကိုတော့ ကစားမယ်လို့ ပြင်သစ်ဘောလုံးအဖွဲ့ချုပ်ကပြောထားပါတယ်။ ကမ္ဘာအနှံ့အပြားမှာပြုလုပ်တဲ့ အားကစားပွဲတွေမှာ ပြင်သစ်မှာ သေဆုံးခဲ့တဲ့ အပြစ်မဲ့သူတွေ အတွက် ဝမ်းနည်းချင်းအထိမ်းမှတ်များပြုလုပ်ခဲ့ကြပါတယ်။

BBC Burmese
http://www.bbc.com/burmese

ကိုယ်ဝန်ဆောင်ချိန် ကာလအတွင်း မိခင်လောင်းတွေ လုံးဝရှောင်ကြဉ်သင့်တဲ့ အရာများ

=========================================
ကိုယ်ဝန်ဆောင်ချိန်ဆိုတာ အစစအရာရာကို ဂရုစိုက်၊သတိထားရမယ့်အချိန်မှာ။ တစ်နေ့ စားတဲ့ အစားအစာကနေ သာမန်လှုပ်ရှားမှုလေးတွေကအစ ၊ သင်ရဲ့တစ်နေ့ တာဟာ မွေးဖွားလာမယ့် သင့်ရင်သွေးလေးရဲ့ ကြီးထွားမှုနဲ့ ဖွံ့ ဖြိုးမှုကို သွားရိုက်ခတ်မှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကျန်းမာသန်စွမ်းတဲ့ ကိုယ်ဝန်ဆောင်မိခင်တစ်ယောက်ဖြစ်ဖို့ ပြုမူနေထိုင်ရမယ့်အချက်တွေအပေါ် ပါးစပ်ပြောအချက်တွေကလည်း အများကြီးရှိတာမို့ မိခင်လောင်းအနေနဲ့ ဘယ်ဟာကို လိုက်နာရမှန်းမသိ ရှုပ်ထွေးတတ်ပါတယ်။
နိုင်ငံတကာ အသိအမှတ်ပြု၊ ကိုယ်ဝန်ဆောင်ချိန်၊နို့ ချိုတိုက်ကျွေးချိန်နဲ့ ရင်သွေးငယ်အာဟာရ အကြံပေးပညာရှင် Sonali Shivlani က ရင်သွေးအတွက်အရေးပါတဲ့ ကိုးလတာကာလအတွင်း မိခင်လောင်းတစ်ယောက်အတွက် အန္တရာယ်မကင်း၊စိတ်မချရတဲ့အပြုအမူတွေကို စာရင်းပြုစုပေးခဲ့ပါတယ်။
၁။ အရက်သောက်သုံးခြင်း
ကိုယ်ဝန်ဆောင်စဉ် အရက်သောက်သုံးမယ်ဆိုရင် ဘယ်လောက်ပမာဏ သောက်တာက စိတ်ချရသလဲ ဆိုတာ တိကျသေချာတဲ့ လမ်းညွှန်ချက်မရှိပါဘူး။ ဒါပေမယ့် လေ့လာမှု၊ သုတေသနပြုစောင့်ကြည့်ချက် အများအပြားအရ ကိုယ်ဝန်ဆောင်စဉ် အရက်သောက်ခြင်းဟာ ကလေးကြီးထွားမှုနှေးကွေးခြင်း၊ ဦးနှောက်ဖွံ့ဖြိုးမှုနည်းခြင်းနဲ့ သင်ယူမှုပိုင်းမှာချို့ ယွင်းချက်တွေ ရှိကြောင်း ကောက်ချက်ချထားပါတယ်။ ဒီ့အပြင် ကိုယ်ဝန်ဆောင်စဉ် အရက်ပမာဏအများအပြားသောက်သုံးခြင်းဟာ သန္ဓေသားအယ်လ်ကိုဟောဆင်ဒရုန်းလို့  ခေါ်တဲ့ ရောဂါတစ်မျိုး ကလေးမှာ သွားရှိနိုင်ပါတယ်။
၂။ ဆေးလိပ်သောက်ခြင်း
ဆေးလိပ်သောက်ခြင်းကြောင့် နေ့ မစေ့ဘဲမွေးဖွားခြင်း၊ ရေမြွှာစောစီးစွာပေါက်ခြင်း တို့ ဖြစ်နိုင်ပါတယ်။ သန္ဓေသား အောက်စီဂျင်မ၀မှု၊ ကလေးရဲ့ခန္ဓာကိုယ်အစိတ်အပိုင်းဖြစ်ပေါ်မှုကို ထိခိုက်ချို့ ယွင်းမှု၊ မွေးရာပါ  ချို့ ယွင်းချက်၊မူမမှန်မှုများရှိခြင်း၊ သန္ဓေသားအလေးချိန်နဲ့ အရွယ်အစားကျဆင်းခြင်း (ပေါင်မပြည့်ခြင်း) တို့ ဖြစ်နိုင်ပါတယ်။
၃။ မူးယစ်ဆေးသုံးခြင်း
ကိုကိန်း၊ဆေးခြောက်စတဲ့ မူးယစ်ဆေးဝါးတွေ သုံးစွဲခြင်းဟာ ဗိုက်ထဲကကလေးကို ဆိုးရွားစွာထိခိုက်စေနိုင်ပါတယ်။ မွေးဖွားရာပေါင်မပြည့်ခြင်း အပါအ၀င် မီးမဖွားခင်နဲ့ မီးဖွားပြီးနောက်မှာ တခြား နောက်ဆက်တွဲရောဂါပြဿနာတွ ဖြစ်စေနိုင်ပါတယ်။
၎။ ရေပူချိုးခြင်းနဲ့ ပေါင်းခံချွေးထုတ်ခြင်း
ပေါင်းခံချွေးထုတ်ခြင်း နဲ့ ရေပူ၊ရေနွေးနဲ့ ရေချိုးခြင်းတို့ ကို ကိုယ်ဝန်ဆောင်ချိန်မှာ ရှောင်သင့်ပါတယ်။ ရင်ဘတ်ပိုင်းကို ရေနွေးအိတ်ကပ်ခြင်းစတဲ့ အပြူအမူတွေကြောင့် သားအိမ်မှာ အပူချိန်လွန်ကဲကာ ဆိုးရွားတဲ့ အခြေအနေမှာဆိုရင် အထဲက ကလေးအသက်အန္တရာယ်ပါ ထိခိုက်နိုင်ပါတယ်။ ပထမသုံးလပတ်၊ကိုယ်ဝန် ဆောင်ချိန်မှာ မိခင်ဖျားနာကိုယ်ပူခြင်း အပါအ၀င် အပူချိန်လွန်ကဲမှုနဲ့ ထိတွေ့ ခြင်းဟာ ကလေးအာရုံကြော အင်္ဂါတွေကို သွားထိခိုက်စေနိုင်ပါတယ်။
၅။ ပြင်းထန်တဲ့ကိုယ်လက်လှုပ်ရှားမှု
အပေါ့စားလေ့ကျင့်ခန်းလေးတွေ အသင့်အတင့် လုပ်ပေးသင့်တယ်လို့ ဆရာဝန် အများအပြားက အကြံပေးထားပါတယ်။ ဒါပေမယ့်လည်း နှလုံးခုန်နှုန်း 160 bpm ( တစ်မိနစ် ၁၆၀ ကြိမ်နှုန်း) ထက်ပိုတဲ့ လှုပ်ရှားမှုမျိုးလုပ်တာက သန္ဓေသားမှာ အောက်စီဂျင်ရရှိမှုနည်းပါးသွားပြီး ဦးနှောက်ကို အောက်စီဂျင်မရောက်ရှိကာ ဦးနှောက်ထိခိုက်မှုတွေဖြစ်နိုင်ပါတယ်။
၆။ အိမ်မှာအနှိပ်ခံခြင်း
စနစ်တကျလေ့ကျင့်သင်ယူထားတဲ့ အကြောပြင်၊အနှိပ်ဆရာတွေရှိတဲ့ spa ကို သွားခြင်းက ဘာမှမဖြစ်ပေမယ့် အရပ်ထဲက အနှိပ်သည်၊အကြောပြင်ဆရာတွေခေါ်နှိပ်ခြင်း၊ အိမ်ကလူကိုနှိပ်ခိုင်းခြင်းတို့ က သားအိမ်ကို ဖိအား သက်ရောက်မှုဖြစ်နိုင်ပြီး အစောကြီး ၀မ်းနာခြင်းတွေ ဖြစ်နိုင်ပါတယ်။
၇။ နာရီကြာကြာရပ်ခြင်း
နာရီတော်တော်ကြာကြာ ရပ်နေခြင်းက ခြေသလုံးမှာသွေးကြောထုံးခြင်း၊ ဖောင်းခြင်းရောင်ခြင်း တွေ ဖြစ်နိုင်ပါတယ်။ ကိုယ်ဝန်ဆောင်စဉ် ထိုင်ခြင်း၊လှဲနေခြင်းတို့ က အနားယူဖို့ အကောင်းဆုံးပုံစံ ဖြစ်ပါတယ်။ ဒါပေမယ့် အချိန်အကြာကြီးလည်း ထိုင်မနေသင့်ပါဘူး။
၈။ X-Rays
ခဲပါတဲ့ရှေ့ ခါးစည်းအဖုံးနဲ့ ဝမ်းဗိုက်ပိုင်းကို ဖုံးအုပ်ထားခြင်းမရှိဘူးဆိုရင် တတ်နိုင်သမျှ X-Ray ရောင်ခြည်တွေကို ရှောင်သင့်ပါတယ်။ သန္ဓေသားကို X-ray ရောင်ခြည်ထိတွေ့ ခြင်းက ကလေးမှာချို့ ယွင်းချက်တွေ ရှိနိုင်ပါတယ်။ X-Rays က ရေဒီယိုသတ္တိကြွရောင်ခြည်ကြောင့် မျိုးရိုးဗီဇပျက်စီးမှုတွေဖြစ်နိုင်ပြီး၊ မွေးမဖွားခင် ကလေးငယ် သေဆုံးခြင်း၊ သန္ဓေသားမှာ အန္တရာယ်ရှိရောဂါတွေ စွဲကပ်နိုင်ပါတယ်။
၉။ စိတ်ဖိစီးမှုများခြင်း
စိတ်ဖိစီးမှုဟာ မိခင်ကော၊ကလေးငယ်ရဲ့ကျန်းမာရေးကိုပါ ဆိုးရွားတဲ့ပြဿနာတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။ သုတေသနပြုလုပ်ချက်တွေအရ ၀မ်းတွင်းကသန္ဓေသားဟာ မိခင်ဖြစ်သူရဲ့ စိတ်ခံစားမှုကို ထပ်ဆင့်ခံစား နိုင်ပြီး ကလေးငယ်ရဲ့ စိတ်ပိုင်းဆိုင်ရာဖွံ့ ဖြိုးမှုကို ထိခိုက်နိုင်ကာ လူလားမြောက်တဲ့အခါ ကလေးငယ်ဟာ အကြောက်လွန်ကဲမှုတွေရှိနိုင်ပါတယ်။
၁၀။ အာဟာရမမျှတတဲ့နေ့ စဉ်အစားအစာ
နေ့ စဉ်အစားအစာကို အာဟာရမမျှတအောင်စားတာကြောင့် သန္ဓေသားကောင်းမွန်စွာဖွံ့ ဖြိုးမှုမရှိနိုင်သလို မိခင်ရဲ့ကျန်းမာရေးကိုလည်း ထိခိုက်စေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်နဲ့ ကိုယ်ဝန်ဆောင်ပြီးချိန်မှာ တိုးလာတဲ့ ကိုယ်အလေးချိန်ကို ပြန်လျှော့ရာမှာ အခက်အခဲရှိနိုင်ပါတယ်။
Ref:thehealthsite 

မျက်နှာသစ်တဲ့အခါ လူတွေမှားယွင်း လုပ်ဆောင်နေကြတဲ့ အချက် (၁၀) ချက်

======================================================
မျက်နှာသစ်တယ်ဆိုတာ အလှအပနဲ့ပတ်သက်တဲ့ လုပ်ငန်းဆောင်တာတွေထဲ ရှုပ်ထွေးမှု အနည်းဆုံး အပိုင်းလို့ ထင်တယ်မဟုတ်လား။ ဒါပေမယ့် တချို့သော ယေဘုယျအချက်တွေထဲမှာ လုပ်နေကျဖြစ်တဲ့ အကျင့်တွေက သင့်အသားအရေကို ပိုဆိုးဝါးလာစေတယ်ဆိုတာရော သင်သိထားပြီလား။  ခြောက်သွေ့ခြင်း ၊ ကျိန်းစပ်ခြင်း ၊ အဆီခြောက်ခန်းခြင်း နဲ့ အက်ကွဲခြင်းတွေ ဖြစ်လာစေတတ်တဲ့ မျက်နှာသစ်နည်း အမှားတွေကို သင်မသိသေးဘူးလို့ ထင်တာကြောင့် ရေးသားဖော်ပြလိုက်ပါတယ်။
(၁)     ပထမဆုံးအချက်ကတော့ ထုတ်ကုန်ပစ္စည်း အမျိုးအစား ရွေးချယ်မှုမှားနေတာမျိုးပါ။
သင့်အသားအရေနဲ့ တကယ်ကိုက်ညီမယ့် သဘာဝပစ္စည်းအခြေခံ ထုတ်ကုန်မျိုးကို ရွေးချယ်ရပါမယ်။ ဒါကြောင့် ကိုယ့်နဲ့ သင့်တော်မယ့် organic ထုတ်ကုန်တွေကို ရွေးချယ်နိုင်စွမ်းရှိဖို့လိုပြီး ထုတ်ကုန်အမှားတွေ မသုံးမိပါစေနဲ့။
(၂)    တစ်နေ့ကို နှစ်ကြိမ်ထက်ပို မျက်နှာမသစ်ပါနဲ့။
တစ်နေ့ကို တစ်ကြိမ် (သို့) နှစ်ကြိမ်လောက် မျက်နှာသစ်ခြင်းက သင့်အတွက် ကောင်းမွန်ပေမယ့် ဒီ့ထက်ပိုလာရင်တော့ မျက်နှာ ကျိန်းစပ်ခြင်း ၊ အဆီပိုထုတ်လွှတ်ခြင်းတွေ ဖြစ်လာနိုင်ပါတယ်။
(၃)   ရေရဲ့အပူချိန်ကို သတိပြုပါ။
လူအများ ယုံကြည်နေကြသလို ပူတဲ့ရေက ချွေးပေါက်တွေကို ဖွင့်ပေးပြီး အေးတဲ့ရေက ချွေးပေါက် ပိတ်စေတယ်ဆိုတာ မဟုတ်ပါဘူး။ တကယ်တမ်းတော့ ချွေးပေါက်တွေမှာ ဒီလို ပိတ်ဖို့ ပွင့်ဖို့ ကြွက်သားမရှိတဲ့အတွက် မလုပ်နိုင်ပါဘူး။ ပူတဲ့ရေတွေက သင့်အသားအရေကို ခြောက်သွေ့ခြင်း ၊ သဘာဝ အသားအရေကို ပျက်စီးစေခြင်းတွေဖြစ်နိုင်ပါတယ်။ ဒီတော့ မျက်နှာသစ်ဖို့ အကောင်းဆုံး ရေအပူချိန်ကတော့ ကြက်သီးနွေးရုံ ရေအပူချိန် ခပ်နွေးနွေးလောက်ပါပဲ။
(၄)     မျက်နှာဂျီးချွတ်တယ်ဆိုတာ ကျန်းမာရေးနဲ့ညီညွတ်တဲ့အပြုအမူ တစ်ခုဖြစ်ပြီး ဆဲလ်အသေတွေ ဖယ်ရှားဖို့နဲ့ လျော့နည်းစေဖို့က သော့ချက်ပါပဲ။
ဒီအတွက် scrub တွေ သုံးရတာဖြစ်လို့ တစ်ပါတ်ကို အများဆုံး နှစ်ကြိမ်၊ သုံးကြိမ်လောက်ပဲ သုံးသင့်ပါတယ်။ မျက်နှာဂျီးချွတ်ရာမှာ ရေစိုအ၀တ်တွေအစား လက်ချောင်းတွေနဲ့သာ မျက်နှာကို ပွတ်တိုက်သင့်ပါတယ်။
(၅)     ရေလုံလုံလောက်လောက် သုံးပြီး မျက်နှာမသစ်တာက ချွေးပေါက်တွေကို ပိတ်ဆို့စေနိုင်ပြီး အသားအရေကို ညစ်နွမ်းစေပါတယ်။
 မျက်နှာသစ်ရာမှာ ပြောင်စင်နေအောင် ရေကို ခပ်ကြာကြာနဲ့ များများသစ်ပါ။ မေးရိုး ၊ နဖူးစပ်နဲ့ နှာခေါင်းတွေက ပိုပြီးဂရုစိုက်ရမယ့်အပိုင်းဖြစ်ပြီး တခါတရံ အဲ့ဒီနေရာတွေမှာ ဆပ်ပြာတွေ ကပ်ကျန်နေခဲ့တတ်ပါတယ်။ ဒါကြောင့် ဒီနေရာတွေကို ပိုပြီးဂရုတစိုက်နဲ့ ဆေးကြောရပါမယ်။
(၆)     သင့်ရဲ့အသားရေက ကျိန်းစပ်စပ်ဖြစ်စေနိုင်တဲ့ အရာတွေနဲ့ ဓါတ်မတည့်တဲ့ အလေ့အထရှိလား ဆန်းစစ်ရပါမယ်။
သင်သုံးနေတဲ့ ထုတ်ကုန်တွေထဲက ပါဝင်ပစ္စည်းတွေ (ဥပမာ - အမွှေးနံ့တွေ ၊ အရောင်တွေ) နဲ့ ထိတွေ့မရတဲ့ sensitive ဖြစ်တဲ့ အသားအရေမျိုးဆိုပါစို့။ ကိုယ်သုံးမယ့်ထုတ်ကုန်ကို အရောင် ၊ အနံ့ ကင်းစင်တဲ့ သဘာဝပစ္စည်းတွေနဲ့ ပြုလုပ်ထားတဲ့ ထုတ်ကုန်မျိုးကိုသာ သုံးရပါမယ်။
(၇)    သင့်ရဲ့မျက်နှာသုတ်ပုဝါကလည်း နူးညံ့ဖို့လိုပါတယ်။
 မျက်နှာကို အားပါးတရ ပွတ်တိုက်ပြီး သုတ်လိုက်ရရင် နေလို့ထိုင်လို့ကောင်းပေမယ့် တကယ်တမ်းတော့ ခပ်ဖွဖွလောက်သာ လိုက်ဖိပေးပြီး ပွတ်တိုက်မသုတ်သင့်ပါဘူး။
(၈)   မျက်နှာသစ်ပြီးပြီးချင်း moisturizer ကို သုံးသင့်ပါတယ်။
လုံးဝ ခြောက်သွားတဲ့အထိ စောင့်ပြီးမှာ သုံးတဲ့အခါ ပါဝင်ပစ္စည်းတွေကို အရေပြားက စုပ်ယူဖို့ ခက်ခဲသွားနိုင်ပါတယ်။ ဒါကြောင့် moisturizer သုံးမယ်ဆိုရင် မျက်နှာသစ်ပြီးပြီးချင်း အသားအရေ ခပ်စိုစိုဖြစ်နေချိန်မှာ သုံးရပါမယ်။
(၉)  မျက်နှာအတွက် လိုအပ်တဲ့အရာတွေကိုလည်း လိမ်းပေးပါ။ အားဖြည့်ပေးပါ။
မျက်နှာသစ်တာတစ်ခုတည်းနဲ့ မလုံလောက်နိုင်တဲ့ သင့်အသားအရေအတွက်တော့ moisturiser အပြင် နို့ရည် ၊ တိုနာ စတာတွေပါ သုံးပေးဖို့လိုအပ်ပါတယ်။ အပြင်သွားမယ်ဆိုလည်း နေရောင်ကာ sunscreen တွေလိုအပ်ပါသေးတယ်။
(၁၀)   နှိပ်နယ်ပေးခြင်းကလည်း အကျိုးကြီးမားတဲ့ အရာတစ်ခုပါပဲ။
အချိန်အတော်ကြာတဲ့အထိ အဆီဆိုတာ အသားအရေရဲ့ ချွေးပေါက်တွေကို ပိတ်ဆို့စေတာကြောင့် ကျွန်ုပ်တို့ ဝေးဝေးရှောင်ခဲ့ကြဖူးပါတယ်။ ဒါပေမယ့်အခုတော့ အမြင်တွေက ပြောင်းသွားပါပြီ။ အဆီပြန်တဲ့ အသားအရေတွေ အပါအ၀င် skin type အားလုံးအတွက် အဆီကိုအသုံးပြုပြီး ဆေးကြောသန့်စင်ခြင်းက အကျိုးကျေးဇူးတွေ ဖြစ်ထွန်းစေပါတယ်တဲ့။ ဒါကြောင့် မက်မွန်ဆီ၊ ဇီးချိုသီးအဆံ အဆီ၊ စပျစ်သီးအဆီနဲ့ နေကြာစေ့အဆီတွေကနေ အခြေခံထားတဲ့ cleansing oil တွေကို မျက်နှာပေါ်လိမ်းပြီး အနည်းငယ်နှိပ်နယ်ပေး ပါ။ ပြီးရင်တော့ အဆီတွေပြောင်စင်စေဖို့ ရေခပ်နွေးနွေးထဲမှာ မျက်နှာဆေးတဲ့ အ၀တ်ကိုညစ်ပြီး သုတ်ပေးပါ။ ပြီးရင်တော့ ရေစင်အောင်ဆေး လိုက်ပါ။ (အုန်းဆီနဲ့ သံလွင်ဆီတွေကတော့ အသားအရေ အမျိုးအစား အနည်းငယ်ရွေးတာကြောင့် ဂရုစိုက်ပြီး အသုံးပြုရပါမယ်။)
 Ref:womenshealthmag.com

သန်မာတဲ့ ခြေထောက်တွေ ပိုင်ဆိုင်ခြင်းက ဦးနှောက်စွမ်းအားကိုပါ တိုးတက်ကောင်းမွန်စေနိုင်

===================================================
ကိုယ့်ခြေထောက်၊ပေါင်တံလေးတွေ လှရဲ့လားဆိုတာကို တွေးတောပူပန်နေခြင်းက သင့်ဦးနှောက်ရဲ့ စွမ်းအားတွေကို အလဟဿဖြုန်းပစ်နေတာပါ။ ဒါပေမယ့် ခြေထောက်တွေကို သန်မာကြံ့ခိုင်အောင် လေ့ကျင့် လုပ်ယူတာက သင့်ဦးနှောက်စွမ်းအားကို တိုးတက်ကောင်းမွန်စေနိုင်တာရော သိပါရဲ့လား။
အင်္ဂလန်နိုင်ငံ၊လန်ဒန်မြို့ ၊ King’s ကောလိပ်က သုတေသနပညာရှင်တွေဟာ ကိုယ်လက်ကြံ့ခိုင်မှုနဲ့ စိတ်ပိုင်း ဆိုင်ရာထက်မြက်မှုတို့ ဆက်စပ်မှုရှိလားဆိုတာကို သိရှိနိုင်အောင်လို့ လေ့လာမှု တစ်ခု ပြုလုပ်ခဲ့ ပါတယ်။ ခြေထောက်တွေကြံ့ခိုင်မှု၊ ဦးနှောက်ရဲ့သိမှုစွမ်းရည် (cognitive skills) နဲ့ ဦးနှောက်ဖွဲ့ စည်းပုံတို့ ကို အမွှာအမျိုးသမီးပေါင်း ၃၂၄ ယောက်မှာ လေ့လာခဲ့ပြီးနောက် ၁၀ နှစ်တိတိ စောင့်ကြည့်ခဲ့ပါတယ်။
ဆယ်နှစ်အဆုံးမှာတေ့၊ သုတေသနပညာရှင်တွေဟာ လေ့လာမှုရလဒ်အပေါ် အပြောင်းအလဲဖြစ်စေနိုင်တဲ့ အမျိုးသမီးတွေရဲ့ လူနေမှုပုံစံ၊ကျန်းမာရေး၊မျိုးဗီဇအချက်အလက်တွေကို ချိန်ညှိကာ အချက်အလက် ထည့်သွင်း လေ့လာခဲ့ ပါတယ်။ တွေ့ ရှိချက်အရ ခြေထောက်တွေ သန်မာမှုအရှိဆုံးအမျိုးသမီးတွေဟာ သန်မာမှု အားနည်းတဲ့ အမျိုးသမီးတွေထက် အချိန်ကြာလာတဲ့အမျှ မှတ်ဥာဏ်စွမ်းရည်ကျဆင်းမှုနည်းပါးနေတာကို တွေ့ ရှိခဲ့ရပါတယ်။
လက်ရှိမှာ တိရိစ္ဆာန်တွေနဲ့ စမ်းသပ်ထားတဲ့လေ့လာမှုတွေမှာလည်း ကိုယ်လက်လှုပ်ရှားခြင်းဟာ နာ့ဗ်ဆဲလ် ကြီးထွားမှုကို အားပေးတဲ့ တစ်ချို့ ဟော်မုန်းတွေကို ထွက်စေနိုင်တာကို တွေ့ ရှိထားပြီးဖြစ်ပါတယ်။ ဒါပေမယ့် ခြေထောက်တွေရဲ့ သန်စွမ်းမှုဟာ ဦးနှောက်ပိုင်းကို ဘယ်လိုဆက်စပ်နေလဲ ဆိုတာကိုတော့ သိရှိနိုင်အောင် ထပ်မံလေ့လာမှုတွေပြုလုပ်ရဦးမှာ ဖြစ်ပါတယ်။
နောက်ထပ်သတင်းကောင်းတစ်ခုကတော့ ခြေထောက်တွေသန်မာဖို့ အတွက် အပြင်းအထန်တွေ လေ့ကျင့်စရာမလိုဘဲ မတ်တပ်ကြာကြာရပ်ပေးခြင်း နဲ့ လမ်းပုံမှန်လျှောက်ပေးခြင်းတို့ က ခြေထောက်တွေကို သန်မာစေနိုင်တယ်လို့ သိရှိရပါတယ်။
Ref: cosmopolitan 

ရခိုင်တိုင်းရင်းသား တစ်ယောက်ဖြစ်ရတာကို ဂုဏ်ယူပါတယ်ဆိုတဲ့ နေတိုး

======================================================
၂၀၁၅ ရွေးကောက်ပွဲမှာ မဲလေးမဲပေးခွင့်ရခဲ့တဲ့အတွက် စိတ်ကျေနပ်မိတဲ့ နေတိုးက မြန်မာနိုင်ငံကို ဖြစ်စေချင်တဲ့ ဆန္ဒ ၊ ရုပ်ရှင်လောကကို တိုးတက်စေချင်တဲ့ ဆန္ဒများနဲ့ လက်ရှိမှာ ရိုက်ကူးနေတဲ့ ဗီဒီယိုကားအကြောင်းတွေကို မေးမြန်းကြည့်ဖြစ်တဲ့အခါ
-၂၀၁၅ ရွေးကောက်ပွဲမှာ မဲပေးရတဲ့ အတွေ့အကြုံလေးလဲဝေမျှပေးပါဦး။
ကျွန်တော်တို့မဲရုံ ၂ ရုံသွားပေးရတယ်။ ၂ ခုလုံး အဆင်ပြေခဲ့ပါတယ်။ မဲရုံ ၂ရုံလုံးလဲ အနိုင်ရပါတယ်။ ဒါသည် ကျွန်တော်တို့ရှေ့လျှောက်ရမဲ့ အနာဂတ်တစ်ခု၊ ကိုယ်တွေ အခုနိုင်လိုက်တာဟာလဲ ဒီပါတီတစ်ခုက အနိုင်ရတာထက်ကို ပြည်သူလူထုတစ်ရပ်လုံးက အနိုင်ရတယ်လို့ပဲခံစားရပါတယ်။ အဲ့ဒီအတွက်လဲ ၀မ်းသာမိတယ်။ ကြည်နူးမိတယ်။ အဲ့ဒီအတွက် အနောက်မှာဖြစ်ပေါ်လာမဲ့ အနာဂတ်တွေ၊ မျှော်လင့်ချက်တွေကတော့ ဘယ်လိုဖြစ်ပေါ်လာမလဲဆိုတာကို ရင်ခုန်စွာနဲ့ပဲ ကျွန်တော်တို့ကမျှော်လင့်နေရမှာပါ။ အင်အားတွေလဲရှိနေပါတယ်။
-မဲက လေးမဲထည့်ခဲ့ရတယ်လို့သိရတယ်။
ဟုတ်ပါတယ်။ ကျွန်တော်တို့တိုင်းရင်းသားတစ်ယောက်က ၄ မဲဆန္ဒပြုခွင့်ရှိတယ်။ ရခိုင်အမျိုးသားတစ်ယောက်က ရခိုင်ပါတီအတွက် တစ်မဲရတယ်ပေါ့။ ကျွန်တော်တိုင်းရင်းသား တစ်ယောက်ဖြစ်ခွင့်ရတဲ့အတွက် ၄မဲရတယ်။ တိုင်းရင်းသား တစ်ယောက်မဟုတ်ဘူးဆိုရင်တော့ ၃မဲပဲရမှာပေါ့။ တိုင်းရင်းသားတစ်ယောက်ဖြစ်တဲ့အတွက်ဂုဏ်ယူမိပါတယ်။
-အခုရွေးကောက်ပွဲလဲပြီးသွားပြီဆိုတော့ မြန်မာနိုင်ငံကို ဖြစ်စေချင်တဲ့ ဆန္ဒလေး။
နိုင်ငံကြီးတစ်ခုလုံးရဲ့ မျှော်လင့်ချက်နဲ့ပတ်သက်ပြီး အမှန်တကယ် တိုးတက်ပြောင်းလဲမှုကို လိုချင်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့က ဒီရွေးကောက်ပွဲမှာ မိမိတို့ရဲ့ ဆန္ဒတွေကို ထုတ်ဖော်ခွင့်ရခဲ့တယ်။ အဲ့ဒီလိုမျိုး အမှန်တကယ် တိုးတက်ပြောင်းလဲမှုကို ပဲ မျှော်လင့်တယ်။ တကယ်ပြောင်းလဲဖို့ကို လဲ အချိန်အခါကျရောက်နေတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့က ဘယ်အရာတွေ တိုးတက်ပြောင်းလဲဖို့လိုအပ်သလဲဆိုတာနဲ့ပတ်သက်ပြီး အဖက်ဖက်မှာ တိုးတက်ပြောင်းလဲဖို့နောက်ကျနေပြီဆိုတော့ အဖက်ဖက်ကပြောင်းလဲရမှာပေါ့နော်။ အဲ့ဒီတော့ ကျွန်တော်တို့ရုပ်ရှင်မှာ အနုပညာရှင်တစ်ယောက်အနေနဲ့ ကိုယ်ဖြတ်သန်းနေတဲ့ အနုပညာခရီးတစ်လျှောက်လုံးမှာဆိုရင် တော်တော်လေး နောက်ကျနေခဲ့ပြီ။ ဒါကျွန်တော်တို့လဲ မြင်နေရသလို ပရိသတ်တွေလဲတွေ့နေရတယ်။ ကျွန်တော်တို့ရဲ့ တင်ဆက်မှု အပိုင်းနောက်ကျနေမှုတွေ၊ အနုပညာပိုင်းနောက်ကျနေမှုတွေဒီဟာတွေကို ပြုပြင်ပြောင်းလဲရမှာပေါ့။ ပြုပြင်ပြောင်းလဲဖို့အတွက်ကိုလဲ အခွင့်အရေးရှိလာပြီ။ အရင်တုန်းကမရခဲ့တဲ့ ပိတ်ဆို့မှုတွေ၊ နောက်ရိုက်ကူးမှုမှာ လွတ်လပ်မှုမရှိခဲ့တဲ့ အကြောင်းအရာတွေ၊ ဒါတွေလဲ လွတ်လွတ်လပ်လပ်ရိုက်ခွင့်ရလာမယ်။ နောက်ပြီးတော့ ရုပ်ရှင်ကို ရှေ့ဆက်ပြီးတော့ မြန်မာ့ရုပ်ရှင်က အဆင့်မှီမှီခေတ်မှီမှီဖြစ်ပေါ်လာစေဖို့အတွက် ရိုက်ကူးတဲ့ထုတ်လုပ်သူတွေကလဲ မိမိကြိုးစားရင်ကြိုးစားသလို ကျွန်တော်တို့ပြသနိုင်ဖို့အတွက်စနစ်တွေကိုလဲ ပြုပြင်ပြောင်းလဲသွားမယ်ဆိုလို့ရှိရင် ကျွန်တော်တဖြည်းဖြည်းနဲ့အရင်ကလိုမျိုးပဲ ရုပ်ရှင်ခေတ်တစ်ခုကို ပြန်ရောက်လာမယ်လို့ထင်ပါတယ်။
-NLD နိုင်သွားတဲ့ စိတ်ခံစားချက်လေးဝေမျှပေးပါဦး။
ဝမ်းသာပါတယ်။ ကျွန်တော်တို့ရဲ့ မျှော်လင့်ချက်တစ်ခုဟာ ကျွန်တော်တို့မျက်လုံးရှေ့မှာ မြင်လိုက်ရတဲ့အချိန်မှာ အရမ်းပီတိဖြစ်မိပါတယ်။
-အခုရိုက်နေတဲ့ကားလေးအကြောင်းကို အရင်ပြောပြပေးပါဦး။
တန်ဖိုးနည်း ချစ်သူစီမံကိန်းတဲ့။ ဒါရိုက်တာကကိုသားညီ၊ မင်းသမီးကရွှေသမီးပေါ့။ ကျောင်းသားဖန်စီအချစ်ကားလေးပါပဲ။ ဒီကားမှာက နယ်ကနေ ရန်ကုန်မှာ ကျောင်းတက်ရင်းအလုပ်လုပ်ကြရတဲ့ကာရိုက်တာတစ်ခုပေါ့။ အဓိက ဒီကားလေးရဲ့ရည်ရွယ်ချက်ကတော့ လူအချင်းချင်းတစ်ယောက်ကိုတစ်ယောက်ကူညီရိုင်းပင်းပေးရင်း မိမိပတ်ဝန်းကျင်၊ မိမိနေထိုင်ရာနေရာလေးက အပျော်ရွှင်ဆုံးနဲ့အဆင်ပြေဆုံး နေနိုင်အောင်ကြိုးစားရမယ်ဆိုတဲ့သဘောပေါ့။ မိမိရဲ့ကံကြမ္မာအပြောင်းအလဲကြောင့် စိတ်ဒုက္ခရောက်ရတာမျိုးလေးတွေလဲပါတယ်။ အချစ်ကို ပုံစံတစ်မျိုးလေးနဲ့ဖော်ကြူးထားတယ်ပေါ့။
-ဒီကားပြီးရင် ထပ်ရိုက်မဲ့ကားက။
ဒီကားပြီးရင် ကလောရယ်၊ အောင်ပန်းရယ်သွားဖို့ရှိတယ်။ ဒါရိုက်တာ ကိုမိုးဦးနဲ့ ကျွန်တော်ရယ်၊ ကိုလူမင်းရယ်ပေါ့။ ရုပ်ရှင်ကားကြီးပေါ့။ သွားရိုက်ရမယ်။ အဓိကက ရောင်စုံသူပုန်ခေတ်ကို အခြေခံပြီးတော့မှ အက်ရှင် ကော်မဒီရန်ဖက်ကို သွားထားပါတယ်။
-ပြည်ပခရီးစဉ်တွေရော လက်ခံထားတာရှိဦးမလား။
ရှိပါတယ်။ သြစတေးလျ၊ စင်ကာပူ၊ ဘန်ကောက်ရှိပါမယ်။ ဒီနှစ်ထဲမှာ ပဲဖြစ်မှာပါ။
-We Love Nay Toe လေးနှစ်ပြည့်နဲ့ပတ်သက်ပြီး အမှတ်တရစကားလေးပြောပေးပါဦး။
အဓိကကတော့ ကျွန်တော့်ရဲ့ပရိသတ်တွေ စုစုစည်းစည်းနဲ့နေကြတယ်။ We Love တင်မဟုတ်ဘူး။ တခြား Our Heart နေတိုးတို့အများကြီး ရှိကြတယ်ပေါ့။ ကျွန်တော့်ပရိသတ်တွေ အွန်လိုင်းမှာ အစုအဖွဲ့တွေနဲ့ တကယ်ပျော်ရွှင်စရာကောင်းပြီးတော့မှ အားပေးခဲ့ကြတဲ့ ပရိသတ်တွေနဲ့ အလှူအတန်းတွေလဲ အတူတူ လုပ်ခွင့်ရခဲ့ကြတယ်။ အနုပညာသမားတစ်ယောက်အတွက်ကတော့ ပရိသတ်တွေစုစုစည်းစည်းအားပေးတာကို ကြည်နူးမိတယ်။ အင်အားဖြစ်စေတယ်။ နောင်အနာဂတ်အတွက်လဲ အင်အားဖြစ်စေတယ်။ ကိုယ့်အနုပညာလုပ်ရတာလဲ လုပ်ရကျိုးနပ်တယ်။ အားလုံးကိုလဲ ကျေးဇူးအမြဲတင်နေပါတယ်လို့ပြောပြခဲ့ပါတယ်။
www.trend.com.mm/

Friday, November 13, 2015

အွန်လိုင်းမလိုဘဲ ရှာဖွေမှုနဲ့ လမ်းညွှန်စနစ်တွေကို Google Maps မှာ offline အသုံးပြုနိုင်ပြီ

================================================
Google Maps ဆိုတာ တကယ့်ကိုအသုံးဝင်ဆုံး app တစ်ခုဖြစ်ပြီး ယခုအခါ Google ဟာ Android Maps app ကို အဆင့်မြှင့်တင်မှုပြုလုပ်လိုက်ပြီ ဖြစ်တာကြောင့် အင်တာနက်နဲ့ မချိတ်ဆက်ထားတဲ့ အချိန်မှာလည်း လမ်းညွှန်မှုတွေ ရရှိနိုင်ပြီဖြစ်ပါတယ်။
အင်တာနက်ဒေတာသုံးစွဲမှု ဈေးကြီးတဲ့ ဖွံ့ ဖြိုးဆဲဈေးကွက်တွေမှာနေထိုင်သူတွေနဲ့ မိမိသုံးစွဲတဲ့ sim card နက်ဝပ်ခ်မရောက်ရှိတဲ့နေရာတွေကို အလည်အပတ်သွားတဲ့ တိုးရစ်ခရီးသည်တွေအနေနဲ့ ဒီ upgrade က အသုံးတည့်ဆုံးဖြစ်မှာပါ။ ဒါပေမယ့် ကျွမ်းကျင်သူတစ်ဦးရဲ့သုံးသပ်ချက်အရ တန်ဖိုးနည်းဖုန်းအသုံးပြုသူတွေအနေနဲ့ တော့ ဖုန်းရဲ့ data storage ပမာဏကို Google Maps ရဲ့ ဒေတာတွေ ဆန့် အောင် ဖြစ်ညှစ်ကြံဆ ရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
အနိမ့်စား Android စမတ်ဖုန်းတွေဟာ onboard ပါတဲ့ storage အနေနဲ့ အများအားဖြင့် 4 Gb လောက်သာ ပါတတ်တာကြောင့် တစ်ချို့ application တွေ၊ သီချင်းတွေ၊ ဗီဒီယိုတွေ ထည့်ထားမယ်ဆိုရင် memory က ဘာမှကျန်မှာ မဟုတ်တော့ဘူးလို့ ဆိုပါတယ်။ ဒါကြောင့် Google Maps က ဖိုင်ဆိုက်ကြီးတဲ့ဒေတာတွေကို ဆွဲဖို့ အတွက် အခက်အခဲရှိနိုင်မှာဖြစ်ပေမယ့် ဒီ update ရဲ့ ကောင်းကွက်တွေတစ်ပုံကြီးနဲ့ ယှဉ်မယ်ဆိုရင်တော့ ဒီ ပြဿနာလေးက မပြောပြလောက်ဘူးလို့ သုံးသပ်ထားပါတယ်။
Greater London ဧရိယာတစ်ခုလုံးရဲ့ မြေပုံကို ဒေါင်းလုဒ်ဆွဲမယ်ဆိုရင် ၃၈၀ megabytes လောက် ရှိမှာ ဖြစ်ပြီး San Francisco Bay ဧရိယာတစ်ခုလုံးကို ဖုန်းထဲထည့်ထားဖို့ အတွက် ၂၀၀ MB လောက် ကုန်မှာဖြစ်ပါတယ်။iOS ဖုန်း၊တက်ဘလက်တွေအတွက်လည်း update အသစ်ကို သိပ်မကြာခင်မှာ ထွက်ရှိပေးသွားမှာဖြစ်ပေမယ့် နှစ်မကုန်ခင်ထွက်မှာလားဆိုတာကိုတော့ မသိရသေးပါဘူး။
Ref: BBC 

လွိုင်လင်ခရိုင် တိုက်ပွဲများကြောင့် ထွက်ပြေးရသူ လေးထောင်ကျော်ပြီ

 ရှမ်းပြည်နယ်မှာ တိုက်ပွဲတွေဖြစ်ပွားနေတဲ့အတွက် နေရပ်စွန့်ခွာထွက်ပြေးလာတဲ့ ဒုက္ခသည်တချို့ကို နိုဝင်ဘာလ ၂ ရက်နေ့တွင် တွေ့ရစဉ်။ Photo: Kan Thar/ RFA
 ရှမ်းပြည်နယ် လွိုင်လင်ခရိုင် မိုင်းရှူးမြို့နယ်နဲ့ ကျေးသီးမြို့နယ်မှာ အစိုးရတပ်မတော်နဲ့  ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် SSPP/SSA တပ်တွေ တိုက်ပွဲဖြစ်နေတာကြောင့် ထွက်ပြေးနေတဲ့ ဒေသခံ လေးထောင်ကျော် ရှိပြီး အဲ့ဒီထဲက ၁၅ဝ ကျော်ဟာ လားရှိုးမြို့ အောင်မင်္ဂလာမန်ဆူရှမ်းကျောင်းမှာ ခိုလှုံနေကြရပါတယ်။

မိုင်းရှူးမြို့နယ် ဝမ်ဆော့ကျေးရွာအနီးမှာ လက်နက်ကြီးတွေ ကျရောက်ပေါက်ကွဲတာကြောင့် ပြီးခဲ့တဲ့ သုံးလေးရက်ကတည်းက ထွက်ပြေးလာတာလို့ ဝမ်ဆော့ကျေးရွာသူ မနန်းရွှေလူက ပြောပါတယ်။

"ရွာနားမှာစစ်ပွဲတွေဖြစ်ခါကျတော့ လက်နက်ကြီးနဲ့ ရွာထဲပစ်လာခါကျတော့ အဲ့ဒါကြောင့် ထိမှာစိုးလို့ ရောက် လာကြတာရှင့်၊ သမီးတို့ကတော့ ဖြစ်တာနဲ့ထွက်လာတာ ၁ဝ ရက်နေ့မနက် ၂ နာရီခွဲကတည်းက ထလာ ရတာရှင့် တချို့လူတွေကလည်း ကိုယ်ပိုင်ကားနဲ့ပေါ့၊ တချို့လူတွေကလည်း လိုင်းကားနဲ့လာကြတာများတယ်၊ ပြီးတော့ မရောက်သေးတဲ့လူတွေကျတော့ တီဝိုင်အိုအဖွဲ့ကနေတဆင့် သူတို့ကားလွှတ်တာရှိတယ်၊ ဒီနေ့ရောက် မယ်လို့ ထင်တာပဲရှင့်"

မိုင်းရှူးမြို့နယ် ဝမ်ဆော့ကျေးရွာနဲ့ ကျေးသီးမြို့နယ် ဟိုက်ပါကျေးရွာတွေမှာ ပြီးခဲ့တဲ့အောက်တိုဘာလ ၆ ရက်နေ့က တိုက်ပွဲတွေစတင်ဖြစ်ပွားနေတာဖြစ်ပြီး အောင်မင်္ဂလာမန်ဆူရှမ်းကျောင်းကို ရောက်ရှိနေသူ ၁၅ဝ ကျော်သွား ပြီဖြစ်ပါတယ်။

မနေ့က ထပ်မံထွက်ပြေးလာသူ ၅ဝ ကျော်ကို လားရှိုးမြို့က ရှမ်းလူငယ်အဖွဲ့အစည်းတွေနဲ့ ဒေသခံတွေက သွားရောက်ခေါ်ဆောင်နေတယ်လို့လည်း သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese

မြန်မာ အပေါ် ဒဏ်ခတ်မှု ကန် ရုပ်သိမ်းဦးမည် မဟုတ်


မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲတွေ အောင်အောင်မြင်မြင် ကျင်းပတာလို တိုးတက်ဖြစ်ထွန်းမှုတွေ တွေ့ရပေမဲ့ နိုင်ငံရေး၊ လူ့အခွင့်အရေး အခြေအနေတွေကြောင့် အမေရိကန်ပြည်ထောင်စုက အရေးယူဒဏ်ခတ်မှုတွေ ချမှတ် ထားတာကိုတော့ ချက်ခြင်းရုပ်သိမ်းဖို့ မရှိသေးဘူးလို့ အမေရိကန် က ပြောဆို လိုက်ပါတယ်။ မြန်မာနိုင်ငံက နိုင်ငံရေး အခြေအနေတွေ ကို စောင့်ကြည့်ရဦးမှာ ဖြစ်တဲ့အကြောင်း အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးဌာန လက်ထောက်ပြောခွင့်ရပုဂ္ဂိုလ် Mark Toners က သောကြာနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။

 “မြန်မာနိုင်ငံမှာ လွတ်လပ်တဲ့ ရွေးကောက်ပွဲတွေကို ငြိမ်းငြိမ်းချမ်းချမ်း ကျင်းပနိုင်ခဲ့ တာဟာ ကောင်းမွန်တိုးတက်တဲ့ ခြေလှမ်းဖြစ်ပေမဲ့ - ဒီမိုကရေစီ ပြုပြင်ပြောင်းလဲ မှုတွေကို ဆက်လုပ် - မလုပ် ဆိုတာကို ကျနော်တို့ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။ ဒါကြောင့် လောလောဆယ် မှာ မြန်မာနိုင်ငံ အပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ် အရေးယူမှုတွေကို ရုပ်သိမ်းဖို့ရာ မရှိသေးဘူးတဲ့အကြောင်း - ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောဆိုသွားခဲ့တာပါ။

ဒါ့အပြင် ရွေးကောက်ပွဲတွေမှာ အတိုက်အခံ NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်ယှဉ်ပြိုင်ခွင့်ရှိပေမဲ့ သမ္မတဖြစ်ခွင့်မရှိတဲ့ ကြိုတင် ကန့်သတ်ချက်တွေ ရှိနေတာ၊ ပြီးတော့ လွှတ်တော်ထဲမှာ ရွေးကောက်တင်မြှောက်မထားတဲ့ ၂၅ ရာခိုင်နှုန်းသော တပ်မတော်သားကိုယ်စားလှယ်တွေ ပါရှိနေတာဟာ ဒီမိုကရေစီနည်းလမ်းနဲ့ ဆန့်ကျင်နေတယ်ဆိုပေမဲ့ - မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲမှုတွေ၊ ဆက်လက်လုပ်ဆောင်ဖို့၊ လူ့အခွင့်အရေးကို ကာကွယ်ဖို့နဲ့ ရခိုင်ပြည်နယ်ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကို ဖြေရှင်းဖို့ - မြန်မာအစိုးရကို အမေရိကန်က တိုက်တွန်းသွားမှာပါလို့လည်း မစ္စတာ Toners က သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားခဲ့ပါတယ်။

သောကြာနေ့အထိ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရဲ့ တရားဝင်မဲရလဒ် ထုတ်ပြန်ချက်အရ မဲအားလုံးရဲ့ ၈၀ ရာခိုင်နှုန်းကျော်ကို ရေတွက်ပြီးချိန် မှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက မဲအများစုနဲ့ အနိုင်ရရှိထားတာပါ။

အစိုးရဖွဲ့နိုင်မယ့် အရေအတွက်အထိ လွှတ်တော်ကိုယ်စားလှယ် အရေအတွက်ရရှိထားတဲ့ NLD ပါတီ အနေနဲ့ ဒုတိယသမ္မတလောင်း ၂ ဦးအတွက် အမည်စာရင်း တင်သွင်းခွင့်လည်း ရရှိတော့မှာပါ။

လွှတ်တော်တွင်းက တပ်မတော်သား ကိုယ်စားလှယ်တွေက တင်သွင်းမယ့်သူတဦး အပါအ၀င် ဒုတိယသမ္မတလောင်း ၃ ဦးထဲက သမ္မတတဦး ရွေးချယ်ရမှာ ဖြစ်တဲ့ အတွက်လည်း NLD က သမ္မတတစ်ဦး တင်မြှောက်ခွင့် ရနိုင်မယ့် အလားအလာတွေ ရရှိထားတာပါ။

၂၀၀၈ ခုနှစ် အခြေခံဥပဒေအရ သမ္မတအဖြစ် တာဝန်ယူခွင့် မရှိတဲ့ ဒေါ်အောင်ဆန်းစုကြည် ကတော့ ရွေးကောက်ပွဲမှာ သူ့ပါတီနိုင်ရင် သမ္မတအထက်မှာ တာဝန်ယူမယ်လို့ မကြာသေးခင်ကပဲ ပြောဆိုထားပါတယ်

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

ပဲရစ်အကြမ်းဖက် တိုက်ခိုက်ခံရမှု လူ အနည်းဆုံး ၁၀၀ ကျော် သေဆုံး


ဓားစာခံ အမြောက်အများကို ဖမ်းထားပြီး အကြမ်းဖက်သမားတွေ သိမ်းပိုက် ထားတဲ့ ပြင်သစ်နိုင်ငံ ပဲရစ်မြို့က ဂီတရုံကို ရဲတွေက ၀င်ရောက် စီးနင်းရာမှာ အခု ပြီးဆုံးသွားပြီဖြစ်ပါတယ်။ ပြင်သစ်နိုင်ငံ ပဲရစ်မြို့တော်မှာ အကြမ်းဖက် သမားတွေ က မောင်း ပြန်သေနတ်တွေ ဖောက်ခွဲရေး ပစ္စည်းတွေနဲ့ တပြိုင်နက်တည်း တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တဲ့အတွက် အမေရိကန်တီးဝိုင်းတခုက ဖျော်ဖြေနေတဲ့ အဲဒီဂီတရုံ တနေရာတည်းမှာတင် လူ အနည်းဆုံး ၁၀၀ ကျော် သေဆုံးခဲ့ပါတယ်။

သေဆုံးသူတွေကြားထဲမှာ သေနတ်သမား ၂ ယောက်လည်း ပါဝင်တယ်လို့ သိရပါတယ်။ လူ တထောင်ခန့် ကြည့်ရှုနေတဲ့ ဒီကပွဲရုံမှာ ရုရှား လုပ် Kalashnikov မောင်းပြန် သေနတ်တွေ နဲ့ ပစ်ခတ်ခဲ့တာဖြစ်ပြီး - လူအများအပြား ထွက်ပြေးလွတ်မြောက်နိုင်ခဲ့ပေမဲ့ ဘယ်နှစ်ယောက်လောက် ဓားစာခံအဖြစ် ဖမ်းဆီးခံရတယ်၊ သတ်ဖြတ်ခံရတယ် ဆိုတာကတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ဒီတိုက်ခိုက်မှုတွေဟာ ဘယ်သူ့လက်ချက်ဆိုတာ အခုထိ မသိရသေးပါဘူး။
ပြင်သစ်သမ္မတ Francois Hollande ကတော့ - နယ်စပ်တွေကို ပိတ်ပစ်လိုက်သလို - ပထမဆုံး တိုက်ခိုက်မှုအပြီး နာရီပိုင်းအကြာမှာပဲ အရေးပေါ် အခြေအနေ ကြေညာခဲ့ပါတယ်။
ဒီလို နယ်စပ်ကို ပိတ်ထားလိုက်တာဟာ ၂၁ ရာစု ဥရောပမှာ ပထမဦးဆုံး လုပ်ရပ်ဖြစ်ပါတယ်။


အမေရိကန်သမ္မတ အိုဘားမား ကတော့ အမေရိကန်ပြည်ထောင်စု အနေနဲ့ ဖြစ်နိုင်တဲ့ နည်းပေါင်းစုံနဲ့ ကူညီဖို့ အဆင်သင့်ရှိတယ်လို့ ပြောဆိုခဲ့ပါတယ်။

အစောပိုင်းမှာတုန်းကလည်း  ဗြိတိန်ဝန်ကြီးချုပ် David Cameron ကလည်း - သူတို့အနေနဲ့ တတ်နိုင်သလောက် ကူညီသွားမှာဖြစ်ပြီး၊ ပြင်သစ်ပြည်သူ တွေ အတွက် ဆုတောင်းပေးနေပါတယ်လို့ ပြောဆို ခဲ့သလို၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကလည်း ဒီတိုက်ခိုက်မှုကို ရှုတ်ချခဲ့ပြီးတော့ - ဓားစာခံတွေကို အမြန်ဆုံး လွှတ်ပေးဖို့ကိုလည်း တောင်းဆိုခဲ့ပါတယ်။

ပြင်သစ်က အိမ်ရှင်အဖြစ် ကျင်းပပြီး ဂျာမနီအသင်းနဲ့ ဘောလုံးကန်နေချိန် - ပဲရစ်မြို့မြောက်ဘက်က အမျိုးသားအားကစားကွင်းအနီး စားသောက်ဆိုင် တခုမှာ ဖောက်ခွဲတိုက်ခိုက်မှု ဖြစ်ခဲ့တာပါ။ ဒီတိုက်ခိုက်မှုအတွင်း လူတော်တော်များများ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ ပေါက်ကွဲမှုကြောင့် အားကစားကွင်းအတွင်းကလည်း ကြားခဲ့ရပြီး ဒီဘောလုံးပွဲမှာ ပြင်သစ်သမ္မတ Francois Hollande လည်း သွားရောက် ကြည့်ရှုနေပြီး၊ သူ့ကို ရဲတွေက ခေါ်ထုတ်သွားခဲ့သလို၊ ဘောလုံးပွဲကို ရပ်လိုက်တဲ့အခါမှာလည်း ပရိသတ်တွေဟာ ကြောက်လန့်တကြား ထွက်ပြေးခဲ့ကြပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
Powered by Blogger.

Ads Inside Post